Monday, December 21, 2009

ရှင့်အတွက်..ကျမရဲ့ Excellent Present














ရှင့်အတွက် အကောင်းဆုံးနှင့်အထူးခြားဆုံးသောလက်ဆောင်တစ်ခု ကျမ ပို့ပေးလိုက်ပါတယ်။
ဒီလက်ဆောင်ဟာ ရှင့်ကိုပေးမယ့် ကျမရဲ့ပထမဦးဆုံးနဲ့နောက်ဆုံးလက်ဆောင်တစ်ခု ဖြစ်ကောင်းဖြစ်
နိုင်ပါတယ်။ ဒီလက်ဆောင်ရဲ့တန်ဖိုးကိုကမ္ဘာပေါ်ကချစ်သူစုံတွဲတိုင်းသိရှိခံစား၊နားလည်ပြီး၊သဘောတူ၊
လက်ခံပြီးသားဖြစ်မှာပါ။ ဒီလက်ဆာင်ကိုပေးပို့ရတဲ့ရည်ရွယ်ချက်ကတော့ ရှင့်ကိုကျမ သိပ်ချစ်တယ် ဆိုတဲ့
အဖြေကိုပေးခြင်း ထက်...

သိပ်ပြီးလေးနက်၊ ကဗျာဆန်လွန်းတဲ့ ရှင့်ရဲ့စိတ်ဓာတ်ကိုဂုဏ်ပြုချင်လို့.......
ဝေးကွာနေခဲ့တဲ့ ကျမတို့ရဲ့ အချိန်လေးတွေကို ပြန်ပြီးလျော်ကြေးပေးချင်လို့.......
မည်းမှောင်လွန်းတဲ့ ခရောင်းလမ်းကိုလျှောက်လှမ်းခဲ့ဖူးတဲ့ ရှင့်ကို အနားယူ လန်းဆန်းစေဖို့.......
ရှင့်ရဲ့ဘေးမှာအမြဲနေပြီး အေးအတူပူအမျှ အရာရာတိုင်းကိုမျှဝေခံစားပေးချင်လို့......
ရှင့်ရဲ့ကြိုးပမ်းမှုတွေနှင့်အတူ ပျော်ရွှင်မှုအပြည့် အောင်မြင်မှုတွေ ရလိုက်တိုင်း ရှင့်နားမှာ အမြဲလက်ခုပ်တီး အားပေးတဲ့သူတစ်ဦးဖြစ်ချင်လို့........
ပျော်ရွှင်မှုတွေ ပြည့်နှက်နေတဲ့ လှပတဲ့ အနာဂတ်တစ်ခုကို တည်ဆောက်ကြဖို့.......
အကြောင်းကြောင်း တွေကြောင့်ဘဲ ဒီလက်ဆောင်ကို ရှင့်ကို ကျမ ပေးရတာဖြစ်တယ်။
ဒီလက်ဆောင်ကို ဖွင့်ဖောက်ပြီးတဲ့နောက်မှာ ရှင်တွေ့မြင် ခံစားရမယ့် အရာတွေကတော့.....
ရှင့်ရဲ့ကျမအပေါ် အနွံအတာခံမှု၊ နားလည်ခွင့်လွှတ်တတ်မှု၊ စိတ်ရှည်သည်းခံမှု ယုယကြင်နာမှု၊ သိပ်ချစ်တတ်မှု ဆိုတဲ့ ဘာသာကြီး အရပ်ရပ်ကို နှစ်ရှည်လများ စမ်းသပ်စစ်ဆေးချက်တွေ ပြုလုပ်ချက်အရ ဘာသာစုံ ဂုဏ်ထူးရမှတ်တွေကို ပထမဦးစွာတွေ့မြင်ရမှာဖြစ်ပါတယ်။
ပြီးတော့ ရှင် တဖြည်းဖြည်း ဆက်လက်ပြီးဖွင့်ကြည့်တဲ့ အခါမှာ နောက်ထပ်တွေ့မြင်ရမယ့် အရာတချို့ ရှိပါသေးတယ်။
အဲဒီလက်ဆောင်လေးထဲမှာ ဘာတွေထပ်ပြီး ထည့်ပေးထားသေးလဲ ဆိုရင်တော့ ......
ကျမရဲ့………….
ခံစားမှုအပြည့် ဒါဏ်ရာမဲ့ နှလုံးသားတစ်ခုရယ်.......
မာယာမဲ့၊ လှည့်စားခြင်းမဲ့ ရင်ခုန်ခြင်းတွေရယ်.....
လှပလတ်ဆတ်တဲ့ အတိုင်းအဆမဲ့ ချစ်ခြင်းတွေရယ်.....
သ၀န်တိုခြင်းကင်းမဲ့တဲ့ နားလည်မှုတွေရယ်.....
စာနာမှုအပြည့်ခွင့်လွှတ်ခြင်းတွေရယ်....
မတွေဝေ၊ မတွန့်ဆုတ်တဲ့ ခိုင်မာပြတ်သားတဲ့ သံယောဇဉ်တွေရယ်....
လန်းဆန်းသစ်လွင်တဲ့ ချိုမြိန်တဲ့ အနမ်းပန်းလှလှလေး တွေရယ်.....
ယုယမှုအပြည့် ကြင်နာခြင်းတွေရယ်....
နွေးထွေးသန့်ရှင်းတဲ့ ရင်ခွင်တစ်ခုရယ်......
နှလုံးသွေးနဲ့ခံစားရေးဖွဲ့ထားတဲ့ ကာရံလှလှ ကဗျာလေးတွေရယ်......
...................................
စသည်၊ စသည့် အရာတို့ကို လက်ဆောင်အဖြစ်ထည့်ပေးလိုက်ပါတယ်။
ပြီးတော့.....
ရှင်လိုချင်သေးတဲ့၊ လိုအပ်နေသေးတဲ့ အရာ အားလုံးကို ကျမပေးဖို့ အဆင်သင့်ရှိပါတယ်။
P.S: ဖြည့်စွက်ရန် လိုအပ်နေသေးသော အရာတို့ကို ကျမတို့နှစ်ဦး အမှန်တကယ် ဆုံတွေ့ဖြစ်တဲ့ နေ့မှာ ဆက်လက်ပြီး လေ့လာတိုင်ပင် ဆွေးနွေးကြဖို့ ကြိုတင် အသိပေးပါတယ်။
………..
နှင်းပန်းညို
၂၁.၁၁.၂၀၀၉


No comments:

Post a Comment