Saturday, May 22, 2010

ကတိပြုပါတယ် ကောင်းကင်ကြီး

အချစ်မိုးတိမ်တွေ တလိပ်လိပ်တက်နေသော
ရံဖန်ရံကာ အမြဲပျော်ရွှင်နေတတ်သော
အပြုသဘောအမြင်နဲ့ကြည့်တတ်သော
တည်ကြည်ဖြောင့်မတ်သော
နှစ်လိုဖွယ်စကားတွေ ပြောလေ့ရှိသော
ရာသီသစ်ပင်တွေရဲ့ အမြဲတန်ဖိုးထား
လေးစားခြင်းကို ခံရသော
ဒီကောင်းကင်ကြီးအောက် ကျမရောက်သောအခါ။

မင်းရဲ့ ဂီတာသံလေးနဲ့အတူ ငါ အိပ်စက်
မင်းပေးတဲ့ အနမ်းတွေ ငါ့ကိုညှို့ယူလို့
မင်းရဲ့အကြင်နာ အကြည့်တွေအောက်
ရုန်းမထွက်နိုင်လောက်အောင် နှစ်မြုပ်ခဲ့
အတွေးတိုင်း၊အိပ်စက်ခြင်းတိုင်း စိုးမိုးနေမှတော့။

မင်းရယ် ငါရယ် ဂီတာလေးရယ်
ငါ့ဘေးနား အမြဲရှိတဲ့ ငါ့ရင်ခွင်ထဲက
ရင်နှစ်သည်းချာ ချစ်စရာ့ သမီးလေးရယ်
ဒီကောင်းကင်ကြီးအောက် ရှေ့ဆက်လျှောက်စို့နော်
မလွှတ်တန်း ထွေးဖက်ထားကြမယ်
အချိန်အခါမလင့်ခင် အချိန်ရှိသရွေ့
တို့ရဲ့ ကဗျာလေးတွေကို ရသစုံ
မနားတမ်း ဖန်တီးကြစို့နော်.....။

တို့ ဒီကောင်းကင်ကြီးအောက်ဆုံတွေ့ကြ
ဒီကောင်းကင်ကြီးဆီ သက်သေထူကြမယ်
''မသေခင်အချိန်တိုင်း သစ္စာရှိရှိ ချစ်ကြမယ်နော်
ကတိပြုပါတယ် ကောင်းကင်ကြီး"။


နှင်းပန်းညို
၂၃.၅.၂၀၁၀


.
.

No comments:

Post a Comment