Friday, May 14, 2010

ပန်းဝင်ခြင်းသို့

သူ သိတယ်
ဘာတွေဘဲလုပ်လုပ်
ဘယ်လိုဘဲနေနေ
ဘယ်နေရာသွားသွား
ဘယ်သူနဲ့တွေ့တွေ့
မေးမနေလည်း
သူသိတယ်။

သူသိတယ်
ဘယ်ရက် ဘယ်နေ့ ဘယ်အချိန်
ဘယ်နေရာမှာ ဘာတွေဖြစ်လာမလဲ
ဘာတွေဆက်ဖြစ်ခဲ့သေးလဲ
ပြောမပြလည်း
သူသိတယ်။

တကယ်တော့သူဟာ
အိပ်မက်တွေနဲ့
လမ်းထွက်လျှောက်သူ
အိပ်မက်တွေက တဆင့်
(ကျမနဲ့ပတ်သတ်သမျှ)
သတင်းမှန်တွေ စုဆောင်း
ရှာဖွေလေ့လာ လေ့ရှိတဲ့
အိပ်မက်ချစ်သူတစ်ဦးပါ။

ကျမ သိတယ်
ကျမနဲ့တွေ့တိုင်း
သူပြုံးနေတယ်
သူ့အပြုံးတွေမှာ
အလွမ်းတွေရှိတယ်
သူ့အလွမ်းတွေထဲမှာ
အချစ်စာမျက်နှာတွေရှိတယ်။

ကျမသိတယ်
သူ့အချစ်တွေဟာ စိတ်ရှည်မှုနဲ့
တည်ဆောက်ထားတယ်
သိုသိပ်မှုနဲ့ ဘောင်ကွက်ထားတယ်
ခွင့်လွှတ်မှုတွေနဲ့ အရင်းတည်ထားတယ်
နားလည်မှုတွေကို စိုးမိုးစေတယ်
သံယောဇဉ် ဆေးရောင်တွေနဲ့
ခြယ်သ ခင်းကျင်းထားတယ်။

ကျမသိတယ်
.................
..................
ဒီတစ်ကြိမ် ........
ကျမတို့နှစ်ဦး ဆုံတွေ့ခြင်းဟာ
အရာရာ လှပခြင်းသို့ ဦးတည်ခဲ့ပြီ
သူ့ရဲ့စိတ်ရှည်မှုနဲ့ အောင်မြင်ခြင်းတံခါးနား
တိုးဝင်ရှေ့လျှောက် ပန်းတိုင်ဆီသို့
အရောက်လှမ်းခဲ့ပြီ။

ကျမသိတယ်
...................
...................
သူဟာ ..........
အိပ်မက်မြေပုံ လမ်းမပေါ်ထက်
ယုံကြည်မှုနဲ့ မနားတမ်းလျှောက်လှမ်း
အခက်အခဲတွေ ရင်ဆိုင်ဖြတ်သန်း
လမ်းရွေးတော်ခဲ့သူမို့။

သူလည်းသိတယ်
ကျမလည်း သိတယ်
သူ့အိပ်မက်တွေ ဆက်မက်ခြင်း
ပြီးဆုံးခြင်း အစီစဉ်သို့ရောက်ရှိ
အောင်မြင်စွာနဲ့ ပန်းဝင်ခဲ့လေပြီ။


နှင်းပန်းညို
၁၄.၅.၂၀၁၀

No comments:

Post a Comment