Saturday, January 2, 2010

ကန္တာရထဲ အလည်တစ်ခေါက်

ငါဟာ သဲကန္တာရထဲ
ခေတ္တအလည်ရောက်သွားတဲ့ ဧည့်သည် တစ်ယောက်ပေါ့
ပူလွန်းတဲ့နေက ငါ့ကို မနာလိုဖြစ်နေလေရဲ့
သဲသောင်ပေါ်က သဲပွင့်ကလေးတွေ တအံ့တသြမော့ကြည့်လို့
ကုလားအုပ်တစ်သိုက်ကလည်း ငါ့ကို
ရုတ်တရက်ငေးကြည့်သွားကြသေးတယ်။

ငါ့ကိုငါ ထူးဆန်းနေမှန်း သူတို့တွေက သိကုန်ကြပြီ
တောက်ပတဲ့နေမင်းကြီးက ပြုံးကြည့်ပြီး
သဲပွင့်လေးတွေက သနားကြတယ်
ကုလားအုပ်တွေက သူတို့အမောကို
ငါနဲ့နှိုင်းယှဉ်ပြီး ပိုမိုလန်းဆန်း သွားကြတယ်။

ချို့ဝှက်စွာသိမ်းဆည်းထားတဲ့ ညဥ့်ရဲ့ ရင်ခွင်ထဲက
မျက်ရည်တွေနဲ့ ငါ့ရဲ့ အလွမ်းတွေ
တိတ်တဆိတ် အခိုးခံလိုက်ရတယ်
ငါ့အသည်းတွေမီးစွဲလောင်နေပြီ
မျက်လုံးတွေက ဟန်ဆောင်နေပေမဲ့
တောက်လောင်တဲ့ မီးအရှိန်က
ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားခဲ့တယ်။

ပူလောင်တဲ့မီးတောက်က ငါ့ကို ၀ါးမျိုချလိုက်ပြီ
မျက်ရည်တွေလည်း ကုန်ခန်းသွားပြီ
ချို့ဝှက်စွာကျခဲ့တဲ့ မျက်ရည်တွေက
ချောင်းငယ်လေးအသွင်မှ သမုဒ္ဒရာ ကြီးအဖြစ်
ရုတ်တရက် ရာထူးတက်သွားပြီ
ငါ့မှာ ကျမယ့်မျက်ရည်မရှိတော့ဘူး
ငါ့အသည်းလည်း လောင်ကျွမ်းသွားပြီ
ငိုရလွန်းလို့ ငါ့မျက်လုံးတွေေ၀၀ါးသွားခဲ့ပြီ။

ခိုင်ခံ့လွန်းတဲ့ စိတ်ဓာတ်တွေ
မီးတောက်ထဲမှာ အရည်ဖျော်ခံလိုက်ရပြီ
ငါ့ရဲ့ခွန်းအားတွေလည်း ဆုတ်ယုတ်သွားခဲ့ပြီ
ငါ့ရဲ့အလွမ်းတွေကိုနားထောင်ဖို့
ကဗျာဆရာ အလာနောက်ကျသွားခဲ့ပြီ
ခံစားချက်တွေ အလွမ်းတွေက
ကာရံညီ ကဗျာတစ်ပုဒ်အဖြစ်
အသက်မသွင်းနိုင်တော့ဘူး
အားလုံးပျက်စီးဆုံးရှုံးသွားပြီ။

ကန္တာရထဲ အလည်တစ်ခေါက်သွားမိခဲ့တဲ့ ငါဟာ
အဲဒီကန္တာရ ထဲမှာဘဲ ပိတ်မိကာ
အသက်စတေးခံလိုက်ရတယ်။
တောက်ပတဲ့နေမင်းကြီးရော......
သဲပွင့်ကလေးတွေရော.....
ကုလားအုပ်တွေပါ.......
ငါ့ကို ၀ိုင်းဝန်းသနားကြတယ်
ဒါပေမယ့် သူကျမကို
အပြီးပိုင်စွန့်ခွါသွားခဲ့ပြီးဖြစ်တယ်။



နှင်းပန်းညို
၂၆.၆.၀၉

No comments:

Post a Comment