Friday, January 8, 2010

ပန်းချီဆရာ

စိုးရိမ်နေတဲ့ ငါ့စိတ်တွေ
ဟိုးအဝေးသို့လွင့်စဉ်သွားစေဖို့
မင်းရှိမှ ဖြစ်မှာပါ။

ကြောက်စိတ်တွေဝင်လာတဲ့အခါ
အေးစက်နေတဲ့ ငါ့လက်တွေ
ပြန်လည်နွေးထွေးသွားစေဖို့
မင်းကသာစွမ်းဆောင်နိုင်တာ။

ကျဆင်းသွားတဲ့ စိတ်ဓာတ်တွေ
ပြန်လည်မြင့်တက်လာစေဖို့
မင်းငါ့ဆီက ထွက်မသွားပါနဲ့။

ငါ့စိတ်တွေ ငေးငိုင်မှိုင်တွေနေတိုင်း
အားပေးမှုတွေနဲ့ နှစ်သိမ့်ဖို့
မင်းတစ်ဦးတည်းသာ လုပ်ဆောင်နိုင်တာ။

ပူလောင်နေတဲ့ ငါ့စိတ်တွေ
အေးမြငြိမ်းချမ်းသွားစေဖို့
ငါ့နားမှာ အမြဲနေပေးစမ်းပါ။

အေးခဲနေတဲ့ ငါ့နှလုံးသား
စည်းချက်မှန်မှန် ခုန်စေဖို့
မင်းကသာ လှုံ့ဆော်နိုင်တာ။

ငါ့ဝိညာဉ် ပျံ့လွင့်မျောလွင့်နေတဲ့အခါ
ရုတ်တရက် လှုပ်နိုးပြီး အသက်ပြန်ဝင်လာစေဖို့
မင်းတစ်ဦးတည်းသာ လုပ်ဆောင်နိုင်တာ။

တကယ်ဆို မင်းဟာ...
ငါ့စိတ်တွေ အရောင်မှိန်မှိန်သွားတိုင်း
ဆေးရောင်လှလှ ခြယ်သပေးတတ်တဲ့
ငါသိပ်ချစ်ရတဲ့ ပန်းချီဆရာလေးတစ်ဦးပါ။


နှင်းပန်းညို
၃၀.၉.၂၀၀၉

No comments:

Post a Comment