Friday, January 8, 2010

ခရီးနှင်နေဆဲမို့

ရီဝေေ၀ အကြည့်လေးတွေနဲ့
ညှို့ယူပြီး မကြည့်လိုက်ပါနဲ့လား
ရင်ခုန်နှုန်းတွေ မြန်လွန်းလို့ပါ။

လှပတဲ့အပြုံးတွေကို
မကြာခဏ မချွေချပါနဲ့လား
အသည်းတွေတအားယားလွန်းလို့ပါ။

သြရှရှအသံလေးတွေနဲ့
စကားချိုချိုတွေ မပြောပါနဲ့လား
အရည်ပျော်သွားမှာ ကြောက်လွန်းလို့ပါ။

ယုယတဲ့အကြင်နာတွေနဲ့
မထွေးပိုက် ချင်စမ်းပါနဲ့လား
ရူးမတက် ပျော်ရွှင်ဖို့သိပ်စောနေသေးလို့ပါ။

ခိုင်မြဲတဲ့သံယောဇဉ်ကြိုးနဲ့
ရစ်ပတ်နှောင်ဖွဲ့မှုတွေ ဖြေချပေးပါဦးလား
အသက်ရှုရပ်မတက် မွန်းကြပ်လွန်းလို့ပါ။

ချိုမြိန်တဲ့အနမ်းတွေကို
လက်ဆောင်အဖြစ်မပေးပါနဲ့ဦးလား
ဝမ်းပန်းတသာလက်ခံဖို့ စောလွန်းသေးလို့ပါ။

ညှို့မျက်ဝန်းနက်နက်တွေ
လှပတဲ့အပြုံးတွေ
သြရှရှအသံလေးတွေ
ယုယတဲ့အကြင်နာတွေ
ခိုင်မြဲတဲ့သံယောဇဉ်တွေ
ချိုမြိန်တဲ့အနမ်းတွေဟာ
ကျမရဲ့သော့ခတ်ကာ သိမ်းဆည်းထားမြဲဖြစ်တဲ့
နှလုံးသားနုနုကို ပါးပါးချင်းလှီး
မာကျောတဲ့အသည်းထဲ စိမ့်ဝင်


ဝိုင်တစ်ခွက်မော့ရသလို
မူးရီရီခံစားမှုတွေနဲ့
စည်းချက်မမှန်တဲ့ နှလုံးခုန်သံတွေ
ခေတ္တရပ်တန့်သွားစေဖို့
ကျမနဲ့ခပ်ဝေးဝေးမှာ နေပေးစမ်းပါအုံး။

ကျမအခု ခရီးနှင်နေဆဲမို့ပါ
ရည်မှန်းချက်ပန်းတိုင် မြို့လေးဆီသို့
ဝိရိယ ရထားနဲ့ မောင်ဇွဲကို အဖော်ပြုပြီး
အတွေ့အကြုံ သူငယ်ချင်းတွေနှင့်ပေါ့
ကျမစိတ်ချလက်ချ ထွက်ခွါသွားပါရစေ။

ကျမထပ်ပြီး မှာခဲ့ဦးမယ်
ကျမအတွက် စိတ်မပူဖို့ရယ်
ရှင့်ဆီတစ်နေ့ ပြန်လာခဲ့ဖို့
ဂတိ လက်ဆောင်ထားခဲ့ပါတယ်။

နှင်းပန်းညို
၃၀.၉.၂၀၀၉


No comments:

Post a Comment