Thursday, January 14, 2010

ကြောင်ကိုယ်ပွား

ကျမတို့ချင်း ဆုံနိုင်ဖို့သိပ်မလွယ်တော့ဘူး။ ဒီဇာတ်လမ်းဟာဒီလိုနဲ့ဘဲ ပြီးဆုံးသွားတော့မှာလား ကျမကိုယ် ကျမ တွေးမိပြီး စိတ်ပျက်မိတယ်။ သူ့ကိုချစ်နေပေမယ့် ရံဖန်ရံကာ အူကြောင်ကြောင် နိုင်လွန်းတဲ့ သူ့ကို ကျမ နားမလည်နိုင် အောင်ဖြစ်မိတယ်။ တကယ်ဆို သူ သိဖို့ကောင်းတယ်။ ကျမတို့ချင်း ပွင့်လင်းဖို့ လိုအပ်နေပြီဆို တာ။ အချိန်တွေသာလင့်ကုန်တယ်။ နေ့ ရက်တွေကတဆင့် လတွေ နှစ်တွေကိုဘဲ ကူးပြောင်းကုန်တယ်။ ကျမတို့ရဲ့ ဇာတ်လမ်း က သမုဒ္ဒရာထဲ မျောလွင့်နေတဲ့ ရွက်လွင့်လှေကလေးလို အဆုံးအစမသိ မျောလွင့်လို့။ တခါတခါမှာ ဒီရေအသွားအပြန်အတိုင်း ဆုံချည်ဆန်ချည်နဲ့။ အပြောကျယ်တဲ့ ရေပြင်ကြီးထဲ ဦးတည်ချက်မဲ့ပေါ့။ ကဘောက်တိကဘောက်ချာ။ လေယဟတ်လိုဘဲ ချာချာကိုလည်နေတယ်။ တခါတခါမှာ ပတ်ဝန်းကျင် ရာသီဥတု ဆိုးရွားမှုဒါဏ် တွေကိုလည်း အလူးအလှိမ့် ခံနေရသေး။ လှေငယ်ကလေးကို ပဲ့ကိုင်မယ့်သူမရှိ။ မောင်းနှင်လှော် ခတ်မယ့် သူမရှိ။ ဘယ်ဆီဘယ်ရွေ့ သွားနေသလဲဆိုတာ သူစဉ်းစား ချိန်တန်နေပြီ။ အဲဒီလှေငယ် ကလေးဟာ ကျမတို့ရဲ့ အချစ် လှေကလေးပေါ့။ လှေငယ်ကလေး က အချစ်သင်္ကေတပါ။

အချစ်ဟာ ကျမတို့နှစ်ဦးကြားမှာ ရှိနေတယ်။ ပေါ်ပေါက်နေတယ်။ ဒါပေမယ့် အဲဒီအချစ်လှေငယ်လေး ပေါ်သို့ စီးနင်းလိုက်ပါဖို့ရာ နှစ်ဦးစလုံးက ၀န်လေးနေကြတယ်။ သူအရင်တက်နိုးနိုး ၊ ငါအရင် တက်နိုးနိုး နဲ့ အချစ်ဆိုတဲ့ ဝေါဟာရကို ၀န်ခံဖို့သတ္တိတွေကို မလိုအပ်သလို ဘေးဖယ်ထားကြပြန်တယ်။ "ချစ်တယ်"ဆိုတဲ့ စကားတစ်လုံးကို စပြောဖို့ ၀န်လေးနေကြတယ်။ "ချစ်တယ်"လို့ပြောဖို့ ဆိုတာ လွယ်ပါတယ်။ ရင်ထဲက ပါဖို့မပါဖို့က သေချာဖို့ လိုမှန်း ကျမသိတာပေါ့။ ချစ်တာကို "ချစ်တယ်" လို့ ဖွင့်ပြောဖို့ဟာ ရှက်စရာ မဟုတ်မှန်း နှစ်ဦးစလုံးက လက်ခံ ကြသေး။ ဒါပေမယ့်နှစ်ဦးစလုံးရဲ့ ရင်ထဲကအချစ်တွေကို ထုတ်ဖော်ပြဖို့ ရာ တွန့် ဆုတ်နေကြပြန်တယ်။
တကယ်ဆို ကျမက မိန်းကလေးပါ။ တခါတခါမှာ ကျမသိပ်စိတ်တိုမိတယ်။ ကျမသူ့ကို စိတ်တိုမိတာ မဟုတ်ပါ ဘူး။ မိန်းကလေးသာဖြစ်ခွင့်ရတဲ့ ကျမဘ၀ကို မကျေမနပ်ဖြစ်မိလို့လေ။ အဲဒါကြောင့် ယောက်ျားလေး ဖြစ်ခဲ့ရင် ကောင်းမှာဘဲလို့ သူနဲ့ဆုံတွေ့ပြီးမှာသာ နောင်တအကြီးအကျယ်ရမိတယ်။ ကျမလေ ယောက်ျားလေးဖြစ်ခဲ့ရင် ကောင်းမှာဘဲလို့ ဒီတခါဘဲအတွေးထဲ ၀င်ဖူးတယ်။ သူ့နေရာ မှာ ကျမသာဆို ရင်ထဲကဆန္ဒတွေကို ဖွင့်အန်ပြီး ဖော်ထုတ် ပြလိုက်ရောပေါ့။ "ချစ်တယ်"လို့ ပြောတာဟာ ရှုံးတယ်၊ မြတ်တယ် လို့သတ်မှတ်ချက်မရှိပါဘူး။ ဒါပေမယ့် ယောက်ျးလေးတွေမှာသာ ဒီအခွင့်အရေးကို အသုံးချခွင့်တစ်ရာ ရာခိုင်နှုန်း အပြည့်အ၀ရှိတယ်လေ။ ဒီအခွင့်အရေးကို မိန်းကလေးတွေသာ ရခဲ့မယ်ဆိုရင်ပေါ့ ဒီကမ္ဘာကြီးဟာ သိပ်ကိုပြောင်းလဲသွားမှာဘဲလို့ ကျမတွေးမိတယ်။

ပထမဦးဆုံး ပြောင်းလဲမှုအနေနဲ့ Saving time ဖြစ်ပြီး ချစ်သူမြန်မြန်ရမယ်။ အထူးသဖြင့် အပျိုကြီး လူကြီးပျို၊ လူကြီးစာရင်းတွေ လျော့ကျသွားပြီး မင်္ဂလာခန်းဝင်ပစ္စည်းတွေ ရောင်းအားပိုတက်လာမှာ။ generation မြန်မြန်ရ ကိုယ့်တိုင်းပြည်ကောင်းကျိုးအတွက် အထောက်အကူဖြစ်တဲ့ မျိုးဆက်ပွား ရာခိုင်နှုန်း ပိုမြင့်တက်လာမှာပါ။ သားသမီးဆိုတာကလည်း ကျမတို့တွေရဲ့ အနာဂတ် အတွက် ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခု ဒါမှမဟုတ် စုပုံကြီး တွေလည်း ဟုတ်တယ်လေ။ သူတို့လေးတွေကို အချိန်မှီ ကောင်းမွန်စွာပြုစုပျိုးထောင်ပေးနိုင်ဖို့ ကျမတို့မှာ အဓိကတာဝန်ရှိ တယ်လေ။ အိမ်ထောင်ပြု နောက်ကျခြင်းဟာ နောင်တစ်ချိန်မှာ သူတို့လေးတွေရဲ့ အနာဂတ် ဟာ လေထဲပန်းချီရေးဆွဲသလို အရာထင်ဖို့ရာမလွယ်ရှာပေ။ (အပျိုကြီး၊လူပျိုကြီးဘ၀မှမတော်တဆ ကျွတ်တန်း ၀င်ခဲ့ရင် ပြောတာ ပါ)။ ဒီအကျိုးဆက်တွေဟာ မိန်းကလေးတစ်ဦးမှာ ယောက်ျားလေးတစ်ဦးလို "I love you" လို့စပြီး ပြောပိုင်ခွင့် အပြည့်အ၀မရှိလို့ပေါ့။

မိန်းကလေးတစ်ဦးက ယောက်ျားလေးတစ်ဦးကို စပြီး"ချစ်တယ်"လို့ စပြီးဖွင့်ပြောဖို့ဆိုတာ ကျမတို့လို မြန်မာမိန်းကလေးတွေက သိပ်ကိုတွန့်ဆုတ်ကြတာ ကျမအပါအ၀င်ပါ။ မြန်မာစာရေသည်ပြဇာတ်ထဲမှာလည်း စာဆိုကျော် ဆရာဦးပုညက ရေသည်မိန်းကလေးရဲ့ ရင်ထဲကခံစားချက်ကို ရေးသား ဖော်ပြထားသေးတယ်လေ။ ရေသည်မိန်းကလေးရဲ့ ညဉ်းတွားသံပြန်ပြီးသတိရသေး "ရွက်အုပ်သီးပူရတယ်" လို့ပေါ့။

မိန်းကလေးတွေရဲ့ဘ၀က သိပ်ကိုသနားစရာကောင်းမှန်း သူမသိရှာဘူးလေ။ ကိုယ်ကချစ်နေမှန်းကို စပြောဖို့ကအခက်၊ စပြီးဖွင့်ပြောမိပြန်တော့လည်း သူတို့ကဘဲ မချစ်သလိုနဲ့ အကြောင်းတိုက် ဆိုင်တိုင်း အထင်သေး၊ အမြင်သေးချင်တတ်ကြသေး။ တစ်ချို့တွေဆို အကြောင်းတိုက်ဆိုင် တဲ့အခါတိုင်း အမြဲတန်း နှိမ်ချင် ပြုချင်၊ မေးငေါ့ချင်ကြသေး၊ စကားနဲ့ အနိုင်ပိုင်းကြသေးတယ် (ထိုယောက်ျားတွေနဲ့မတော်တဆ လက်ထပ်ဖြစ် ခဲ့ရင်ပြော တာပါ)။ ဒါတွေဟာ အချစ်ကိုရှေ့ တန်းတင်ပြီး ပွင့်လင်းလွန်း၊ သတ္တိရှိလွန်းခဲ့တဲ့ သတ္တိခဲမမလေးတွေ) ရဲ့ နောက်ဆက် တွဲ ဖြစ်စဉ်တွေပါ။

မဖွင့်ပြောပြန်တော့ လည်းဖွင့်ပြောလာနိုးနိုး စောင့်မျှော်ရတာအမော။ နှစ်ရှည်လများ စောင့်မျှော်ရင်း ကြင်သူနဲ့
ဝေးဝေးဖြစ်သွားရော။ ဒေါ်မစွံအပျိုကြီးဘ၀နဲ့ အရိုးထုတ်သွားကြတဲ့မမ အပျိုကြီးတွေရဲ့ လက်တွ့ခံစားချက်ကို နားလည်မပေးတတ်ကြတာသူတို့လို လူအမျိုးအစားရှိနေပေလို့ပေါ့။ ဒီအကြောင်း အရာတွေဟာ ကျမအတွေး တွေထဲ ရောက်ရောက်လာတတ်ပြီး ကိုယ့်ကိုယ်ကို ပြန်စဉ်းစားပြီးပြုံးမိပြန်တယ်။ ကျမကိုယ် ကျမလည်း ပြန် မေးမိတယ်။"နင်အပျိုကြီးဘဲလုပ်တော့မှာလားလို့"သူ့ကိုစောင့်မျှော်ရင်းနဲ့ပေါ့။ "ဟင့်.အင်း...မလုပ်နိုင်ဘူး"ကျမ
ကိုယ်ကျမပြန်ဖြေမိတယ်။ အပျိုကြီးတွေရဲ့လက်တွေ့ဘ၀ ဟာ မလွယ်ရေးချမလွယ်ပါ။ ကျမအမြင်ပြောရရင် အပျိုကြီးတွေရဲ့ဘ၀ဟာ "ဆေးရောင်လှလှခြယ်သထားတဲ့ ခြံစည်းရိုးမပါတဲ့အိမ်"နဲ့ တူတယ်။ သူတို့တွေရဲ့ ဘ၀ကလုံခြုံမှုမရှိပြန်ဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ကျားသတ္တ၀ါတွေဟာ တောရိုင်းတိရိစ္ဆာန်တွေထက် မိုင်းရိုင်း
ကောက်ကျစ်ယုပ်မာကြတာဒုနဲ့ဒေးပါ။ ကျမအားလုံးကိုမမဆိုလိုပါဘူး။ သိက္ခာသမာဓိနဲ့ပြည့်စုံကြတဲ့ယောက်ျား
တွေကိုတော့ကျမ မရည်ညွန်းပါဘူး။ ဒါပေမယ့် အဲဒီယောက်ျားတွေဟာ အခုခောတ်မှာတော့ ရှားပါးသတ္တ၀ါ အမျိုးအစားထဲ ပါကုန်ပြီ။ထားလိုက်ပါတော့။ ကျမကိုယ့်အတွေးထဲမျောပါရင်း လိုရင်းမရောက်ဖြစ်နေပြန်ပြီ။ အပျိုကြီးကိစ္စပြန်ဆက်ရအုံးမယ်။

အပျိုကြီးတွေကို လူတစ်ချို့ ထက်လူအများစုက နားလည်မပေး တတ်ကြဘူး။ "ဇီဇာကြောင်တယ်၊ ကုတ်ကပ်တယ်၊ နပူနဆာလုပ်တယ်၊ အဓွန့်ရှည်တယ်။ စကားကြီးစကားကျယ်ပြောတယ်ဆိုပြီး လူရာ မသွင်းချင်ကြပြန်ဘူး။ သူတို့ရဲ့မိသားစုဝင်တွေကိုပြောတာနော်။ ပြင်ပလူတွေမပါသေးဘူး။ ပျိုကြီးတွေမှာဘဲ ဒီအပြုအမူတွေ၊ စိတ်နေသဘောထားတွေရှိတာ မှမဟုတ်တာလို့ ဘယ်သူမှနားလည် မပေးတတ်ကြဘူး။ လူတိုင်းလိုလိုဟာမိမိစိတ်နဲ့ တစ်ထပ်တည်းမကျတည်းအခါတိုင်း၊ စိတ်အခန့်မသင့်တဲ့ အခါတိုင်းညည်းညူ တတ်ကြစမြဲပါ။ ဒါဟာ အပျိုကြီးတွေဘဲပြုမူတတ်ကြ တာမှ မဟုတ်တာလို့ မတွေးပေးကြပြန်ဘူး။ အမှန်ဆို ဒါဟာ ကမ္ဘာပေါ်က လူသားတွေရဲ့ စိတ်ခံစားချက်တွေအရ ပေါ်ပေါက်လာတဲ့လက္ခဏာ ရပ်တွေပါဘဲ။ ကျမတွေး တဲ့အတွေးကပါးပါးလေး ဘဲရှိ ပါသေးတယ်။ လူမှုရေးစိတ်ခံစား မှုနယ်ပယ်ဘဲ ရှိသေးတယ်။ တခြားစီးပွား ရေး၊ကျန်းမာရေး၊ လူမှုဆက် ဆံရေး၊ ငွေရေးကြေးရေး မပါသေးဘူး။ ဆင်းရဲ တဲ့အပျိုကြီးတွေရဲ့ ဘ၀က ရင်လေးဖွယ်ကောင်းလောက်အောင် စိတ်ပျက်ဖို့ကောင်းသလို၊ ကြေးရတတ် အပျိုကြီး တွေဘ၀ ကြည့်ပြန် တော့လည်း ပိုပြီးတော့တောင် ကြောက်ရွံရင် မောဖွယ်ကောင်းသေး။ ကျားသတ္တ၀ါတွေရဲ့ ကျားငစဉ်းလဲ အကြံပက်စက်မှုတွေကြား မျောပါသွားရင်ဘ၀လဲဆုံး၊ ဥစ္စာလည်းကုန်ပေါ့။ ပျိုပျိုအိုအို ယောက်ျားတွေရဲ့ရိသဲ့သဲ့ စကားသံတွေကြား ထောင်နေတဲ့နားကို ပိတ်ဖို့ ထက်မိမိကိုယ် ကိုလုံခြုံဖို့ ကာတွေရေး နည်းဗြူဟာ တွေ သုံးတတ်ဖို့လိုပြန်သေး။ အဓိကမိမိရဲ့စိတ်တံခါးပေါ့။ သံမဏိလိုပြတ်သား ခိုင်မာ ဖို့လိုသေး။


ဒီတစ်ကြိမ်တော့ ကျမကိုယ်ကိုယ်ကို ပြန်သုံးသပ်ပြန်တယ်။ အင်း..ဘာလိုလိုနဲ့ ကျမလည်းအပျိုကြီးစာရင်းထဲ ၀င်တေပြီ။"သူ့ကိုဘဲဆက်ပြီး မကျေမနပ်ဖြစ်နေအုံးမှာလား။ သူဖွင့်ပြောလာနိုးနိုး ဆက်ပြီး စောင့်မျှော်နေအုံး
မှာလား။ဒါမှမဟုတ် ကိုယ့်ကို ချစ်နေတဲ့၊စိတ်ဝင်စားနေတဲ့လူတွေထဲက တစ်ယောက်ယောက်ကို ရွေးချယ် တော့ မှာလား" ဆိုပြီးကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိပြန်တယ်။ ကျမအဖြေမှာဘယ်လိုနေမလဲ၊ ကျမဘ၀အနာဂတ်ကို ဘယ်လိုဆုံးဖြတ်မှာလဲ၊ ဘယ်သူကဖန်တီးသွားမှာလဲ ကျမကိုယ်ကျမအဖြေထုတ်ဖို့ကြိုးစားနေပါတယ်။

တစ်ချိန်ချိန်မှာတော့ ကိုငကြောင်နဲ့လွဲပြီး အလွမ်းဇာတ် ထဲမျောမပါဖို့ နဲ့ ကြို တင်ပြင်ဆင်နိုင်ဖို့ မျှော်လင့်ဆုံးဖြတ်ရင်း ကျမတို့ရဲ့ အချစ်လှေကလေးကို ၀မ်းနည်းစွာဖြင့်စီးနင်းလိုက်ပါဖို့ခရီးစဉ်ကို Cancel လုပ်လိုက်ပါပြီ။ ကျမရဲ့အချိန်တွေနဲ့ အနာဂတ်ကို ကျမကိုသိပ်ချစ်နေတဲ့၊ ခိုင်မာပြတ်သားတဲ့ စိတ်ဓာတ်ပိုင်ရှင်၊ အချစ်ကိုဝန်ခံရဲတဲ့ကျမချစ်တယ်လို့စပြီးဝန်ခံရဲတဲ့နှစ်ပေါင်းများစွာစောင့်မျှော်နေရှာတဲ့လူတစ်ဦးကိုဘ၀လက်တွဲ ဖို့ဆုံးဖြတ်လိုက်ပါပြီ။

ကိုငကြောင်ရဲ့အချစ်ကို စောင့်မျှော်ရင်းအပျိုကြီးဖြစ်ရမှာ၊ အပျိုကြီးလုပ်ရမှာထက် အပျိုကြီးတွေရဲ့လက်တွေ့
ရင်ဆိုင်ရတဲ့ဘ၀ကို ကြောက်လွန်းလို့ပါ။ ကျမသိပ်ချစ်တဲ့ ကိုငကြောင်ကလေးအတွက် သူ့ ဆန္ဒတွေပြည့်ဝ
စေမယ့်သူ့ကိုသိပ်ချစ်ပါတယ်လို့ ၀န်ခံဖွင့်ပြောရဲတဲ့သတ္တိရှိသူနဲ့ဆုံတွေ့နိုင်စေဖို့ ကျမဆုတောင်းပေးလိုက်
ပါတယ်။ကျမသူ့ကိုသိပ်ချစ်လို့လေ။

သူ့ရဲ့အချစ်သီအိုရမ်ထဲကအတိုင်း"သူ့ကိုသိပ်ချစ်တဲ့သူ၊သူ့ကိုချစ်ပါတယ်လို့စပြီးဖွင့်ပြောလာတဲ့သူ၊သူကလည်း
ပြန်ချစ်နိုင်မယ့်သူ"ဒီကမ္ဘာမှာရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဒီမှာမိတ်ဆွေ.. ကျမသိပ်ချစ်တဲ့ကိုငကြောင်ကလေး
စိတ်ချမ်းသာစေဖို့အတွက်ဒီလိုအရည်အချင်းရှိတဲ့မိန်းကလေးမျိုးတိုက်ဆိုင်စွာဆုံမိခဲ့ရင်ပေါ့ကျမကိုဆက်သွယ်ဖို့
မမေ့နဲ့နော်။ကျမရဲ့Email လိပ်စာလေးတစ်ခုဖြစ်သေား (alin.chocho@gmail.com)ကို တဆက်တည်းဖော်ပြ ပေးမယ်နော်။

ကျမသူ့ကိုသိပ်ချစ်မိပေမယ့် စပြီးဖွင့်မပြောတာထက်စာရင် သူ့အတွက်အောင်သွယ်ကောင်း တစ်ဦးဖြစ်နိုင်ပါ သေးတယ်။ ကျမသိပ်ချစ်တဲ့ကိုငကြောင်လေးဟာ အခုအချိန်ထိတော့ ကျမနဲ့ သိပ်ချစ်ကြတဲ့အတွင်းသိ၊ ဓာတ်သိသူငယ်ချင်းတွေပါ။ သူ့ကိုကျမ ဒီနေ့ကစပြီးတော့ "ချစ်စရာကြောင်ကလေး"လို့ ကျမရဲ့ရင်ထဲ၊ အသည်းထဲမှာ အမြဲအမှတ်ရစေဖို့ အမြဲခေါ်ခေါ်နေမိပါတယ်။ သူဟာတကယ့်ကိုကြောင်လွန်းတဲ့
ကြောင်ကိုယ်ပွားလေး တစ်ကောင်ပါ။

နှင်းပန်းညို


No comments:

Post a Comment