Saturday, January 9, 2010

မိုးခေါ်ဖါး

မင်းဟာမိုးဆိုရင်
ငါဟာ မိုးခေါ်ဖားလေးပေါ့...

မရွာခင်ကတည်းက မင်းကိုတမ်းတ
ရွာပြန်တော့လည်း တေးသွားချိုချို
သံစုံနှောလျှက် မင်းကို ဆီးကာကြို
မမောနိုင်အောင်အော် မဆုံးနိုင်အောင်ပျော်
မရပ်သောတေးသွားများ ဖန်ခါကြားရ
အဲဒါ မင်းနဲ့ငါ ပနံရလိုက်ဖက်လှ။

မင်းလာနိုးနိုး ငါမျှော်ကိုး
မင်းလာချိန် ငါအမြဲရှိ
မင်းပြန်မှာကို စိုးကြောက်ပို
မင်းမရှိလျှင် မဖြစ်တဲ့ငါ
မင်းမလာလျှင် ငါကိုယ်တည်း
ဝမ်းနည်းအတိ နွမ်းစိတ်ငယ်နှင့်
ဘယ်ဆီဘယ်ဝယ် ငါမသိ
ဦးတည်ချက်မဲ့ ကာရံမဲ့
တေးမဆိုဖြစ် မပျော်မြူးဖြစ်
တေးသွားချိုများ လွင့်ကာပြယ်
မေ့မှာတကယ် စိုးကြောက်တယ်။

မိုး မိုးရွာလိုက်ပါ
သည်းသည်းမည်းမည်း ရွာချပါ
ရွှေကိုယ်တော်လေး ကြွလာချိန်မှာ
သံစုံတေးများ သီဆိုကာ
အမြဲစောင့်ကြို ဖျော်ဖြေနေမှာ။

မိုးနှင့်အတူ ကခုန်ရင်း
အမြဲပျော်နေမယ့် အဲဒါ မင်းနဲ့ငါ
ရှင်အတူ သေမကွာ
မဝေးတဲ့လမ်း နီးလွန်းတဲ့ထိချက်
ဘယ်ချိန်ထိ ဘယ်မျှထိ
ကြာသော်ငြား စောင့်မျှော်ရလည်း
မမောသောကိုယ် မပမ်းသောစိတ်
မရှည်သော လည်တံနဲ့
မင်းအလာကို စောင့်ကာမျှော်
အမြဲဆီးကြို ပါရစေနော်။


နှင်းပန်းညို

၁၉.၇.၂၀၀၉

1 comment:

  1. ကဗျာတွေ အတော်များများကို ဖတ်သွားပါတယ်။

    ကဗျာတွေက တစ်မျိုးတစ်မည် စွဲဆောင်မှုရှိသလို နွေးထွေးမှု၊ ခံစားမှုရသတွေ ပါဝင်နေတာကို သတိပြုမိတယ်။

    အလွမ်းကိုအခြေခံပြီးတော့ပဲရေးရေး...
    ခံစားမှုကို အခြေခံပြီးတော့ပဲရေးရေး
    သုတရသတစ်ခုခုကိုပေးချင်လို့ပဲရေးသည်ဖြစ်စေ ...
    ကဗျာမှာ ခံစားမှုပါရင် ဖတ်လို့ကောင်းနေတယ်ထင်တာပဲ ...။

    (တတ်လို့တော့မဟုတ်ပါဘူးဗျာ...။)

    ကွန်မန်းတွေ နဲနေသလားလို့ ...
    စေတနာနဲ့ တစ်ကယ်အားပေးခဲ့တာပါ ...။

    ReplyDelete